Bone Marrow Transplant  (ရိုးတွင်းခြင်ဆီအစားထိုးကုသခြင်း)

 

Bone Marrow???

Bone Marrow (ရိုးတွင်းခြင်ဆီ) ထဲမှာရှိတဲ့ stem cells တွေက ပုံမှန်အားဖြင့် red blood cells (သွေးနီဥ)၊ white blood cells (သွေးဖြူဥ) နဲ့ platelets (သွေးဥမွှား) တွေကို ပြောင်းလဲထုတ်လုပ်ပေးနိုင်ပါတယ်။ သို့သော် bone marrow ထိခိုက်ပျက်စီးနေပါက သွေးဆဲလ်များကို ပုံမှန်မထုတ်လုပ်ပေးနိုင်တော့ချေ။ များသောအားဖြင့် bone marrow ပျက်ဆီးမှုအခြေအနေ၊ သွေးအားနည်းရောဂါပြင်းထန်မှု၊ သွေးကင်ဆာ အမျိုးအစား၊ auto-immune disease (သို့) အခြားသောကင်ဆာရောဂါများ အခြေအနေတွေပေါ်မူတည်ပြီး bone marrow transplant (ရိုးတွင်းခြင်ဆီ အစားထိုးခြင်း) ကို လုပ်သင့်/မလုပ်သင့် ဆုံးဖြတ်လေ့ရှိပါတယ်။

ရိုးတွင်းခြင်ဆီအစားထိုးခြင်းတွင် နည်းလမ်း(၃)မျိုးရှိပါတယ်

  1. ပထမနည်းလမ်းကတော့ Autologous bone marrow transplant လို့ခေါ်ပါတယ်။

(ကိုယ့်stem cells ကို ခဏထုတ်ယူထားပြီး ပြန်ထည့်တာပါ)

high-dose chemotherapy or radiation treatment (ကင်ဆာဆေးသွင်းကုသခြင်း <သို့> ဓာတ်ရောင်ခြည်ဖြင့် ကုသခြင်း) မပြုလုပ်မီ ရိုးတွင်းခြင်ဆီထဲက stem cells (ပင်မဆဲလ်) တွေကို ခန္ဓာကိုယ်မှ ခဏထုတ်ယူထားပါတယ်။ အဲ့ဒီ stem cell တွေကို freezer ထဲထည့်ပြီး အေးခဲထားပါတယ်။ လူနာမှ ကုသမှုခံယူပြီးတဲ့နောက် stem cell တွေကို  ခန္ဓာကိုယ်ထဲရှိ ရိုးတွင်းခြင်ဆီထဲကို ပြန်ထည့်ပေးပါတယ်။ ဒီနည်းလမ်းကို rescue transplant (ရိုးတွင်းခြင်ဆီမထိခိုက်အောင် ကယ်ဆယ်သည့်နည်း) လို့လည်း ခေါ်နိုင်ပါတယ်။

  1. ဒုတိယနည်းလမ်းကတော့ Allogeneic bone marrow transplant လို့ခေါ်ပါတယ်။

(matching test စစ်ဆေးလို့ အဆင်ပြေတဲ့ အလှူရှင်ဆီက လက်ခံတာပါ)

ဒီနည်းလမ်းကတော့ အလှူရှင်ဆီက stem cell ထုတ်ယူပြီး လူနာဆီသို့ထည့်ပေးတာပါ။ အလှူရှင်နဲ့ လက်ခံမည့်လူနာကို matching test (gene အမျိုးအစား၊ သွေး၊ အခြားလိုအပ်ချက်များကို တိုက်ကြည့်သည့်နည်း) သေချာစစ်ဆေးပြီး လက်ခံလို့ရ/မရ ဆုံးဖြတ်ပါတယ်။ အလှူရှင်ရှာတဲ့အခါမှာ မိဘညီအစ်ကိုမောင်နှမများ၊ ဆွေမျိုးများကို အရင်စစ်ဆေးကြည့်သင့်ပါတယ်။

III.        တတိယနည်းလမ်းကတော့ Umbilical cord blood transplant ဖြစ်ပြီး ဒီနည်းလမ်းက allogeneic transplant အမျိုးအစားတစ်ခုဖြစ်ပါတယ်။

ကလေးမွေးပြီးတဲ့နောက် ကလေးရဲ့အချင်းထဲမှ stem cell ကိုသိမ်းထားတာပါ။ အချင်းသွေးသိမ်းတယ်လို့လည်းပြောကြပါတယ်။ ထို stem cell တွေကို ထိုကလေးအတွက် နောင်တစ်ချိန်မှာ ရိုးတွင်းခြင်ဆီအစားထိုးပြုလုပ်ဖို့ လိုအပ်သောအခါ ပြန်လည်အသုံးပြုနိုင်ဖို့ အချို့ဆေးရုံတွေမှာ အေးခဲပြီး သိမ်းထားပေးလေ့ရှိပါတယ်။

ရိုးတွင်းခြင်ဆီအလှူရှင်ဆီကနေ ဘယ်လိုမျိုး stem cell collect လုပ်လဲ? နည်းလမ်းကတော့ (၂) မျိုးရှိပါတယ်။

1)         Bone marrow harvest:  ရိုးတွင်းခြင်ဆီအလှူရှင်ကို မေ့ဆေးပေးပြီးလုပ်တဲ့ ခွဲစိတ်မှုအသေးစား ဖြစ်ပါတယ်။ ခွဲစိတ်မှုလုပ်နေစဉ် အတွင်း မေ့ဆေးပေးထားတဲ့အတွက် အလှူရှင်က အိပ်ပျော်နေမှာ ဖြစ်ပါတယ်။ ရိုးတွင်းခြင်ဆီကို အလှူရှင်ရဲ့Hip bone/ pelvis (တင်ပဆုံအရိုး)မှ ထုတ်ယူပါတယ်။ ထုတ်ယူတဲ့ပမာဏကတော့ ထိုရိုးတွင်းခြင်ဆီကို လက်ခံမယ့်လူနာရဲ့ ကိုယ်အလေးချိန်နဲ့ ပြန်တွက်ပြီး ထုတ်လေ့ရှိပါတယ်။

2)         Leukapheresis: ပထမဆုံးအနေနဲ့ အလှူရှင်ရဲ့ stem cell တွေကို bone marrow ထဲကနေ သွေးထဲသို့ရောက်အောင် လုပ်ပါတယ်။ ထို့နောက် အလှူရှင်ရဲ့သွေးကို IV line နဲ့ ထုတ်ယူပါတယ်။ ထိုထုတ်ယူရရှိတဲ့သွေးထဲမှ stem cell နဲ့အတူရောနှောနေတဲ့ သွေးဖြူဥ (WBC) တစ်ချို့ကို စက်အကူအညီဖြင့် ခွဲထုတ်ပြီး လက်ခံမည့် လူနာထဲသို့ ထည့်ပေးပါတယ်။ ကျန်တဲ့ သွေးနီဥ (RBC) တွေကိုတော့ အလှူရှင်ကို ပြန်ထည့်ပေးပါတယ်။