ကျောက်ကပ်ရောဂါအကြောင်း သိကောင်းစရာ
ကျောက်ကပ်ရောဂါကို ရောဂါအခြေအနေပေါ်မူတည်ပြီး အဆင့်(၅)ဆင့်သတ်မှတ်ပြီး ပြောလို့ရပါတယ်။
Stage 1 with normal or high GFR (GFR > 90 mL/min)
Stage 2 Mild CKD (GFR = 60-89 mL/min)
Stage 3A Moderate CKD (GFR = 45-59 mL/min)
Stage 3B Moderate CKD (GFR = 30-44 mL/min)
Stage 4 Severe CKD (GFR = 15-29 mL/min)
Stage 5 End Stage CKD (GFR <15 mL/min)
အဆင့် (၁) တွင် ကျောက်ကပ် ၉၀ ရာခိုင်နှုန်းလောက်အလုပ်လုပ်နိုင်ပါတယ်။ သို့သော် အဆင့် (၄) တွင် ၁၅ရာခိုင်နှုန်းမှ ၃၀ရာခိုင်နှုန်း အထိ နှင့် အဆင့် (၅)တွင် ကျောက်ကပ်သည် ၁၅ရာခိုင်နှုန်းအောက်သာ ကျောက်ကပ်အလုပ်လုပ်နိုင်တော့သည်။
ကျောက်ကပ်ရောဂါဖြစ်ရသောအကြောင်းအရင်းများ
လူနေမှုဘဝ နေထိုင် စားသောက်မှုပုံစံ၊ သွေးချိုဆီးချိုရောဂါနှင့် သွေးတိုးရောဂါ စတဲ့ရောဂါများကြောင့် ကျောက်ကပ်ကို ပျက်စီးစေမှုသည် ကျောက်ကပ်ဝေဒနာရှင် များ၏ ၅၀ ရာခိုင်နှုန်းလောက်တွင် တွေ့ရသည်။ တစ်ချို့သောလူနာများတွင် မျိုးရိုးဗီဇဆိုင်ရာရောဂါများကြောင့် ကျောက်ကပ်ပျက်စီးသည်ကိုတွေ့ရသည်။
ကျောက်ကပ်အလုပ်မလုပ်နိုင်တော့တဲ့အခါ( ကျောက်ကပ်ပျက်စီးသွားတဲ့အခါ ) ဘာတွေဖြစ်လာနိုင်သလဲ ?
ကျန်းမာတဲ့ကျောက်ကပ်ဟာ အညစ်အကြေးများ၊ ပိုလျှံသောအရည်များ၊သတ္တုဓာတ်များကို ခန္ဓာကိုယ်မှဖယ်ရှားပေးပြီး သွေးကိုသန့်စင်စေပါတယ်။ထို့အပြင်အရိုးအဆစ်တွေကိုသန်မာဖို့အတွက် လိုအပ်သော Calcium စုပ်ယူမှုအားကောင်းစေရန် ကူညီပေးပါတယ်။ကျောက်ကပ်ကောင်းစွာ အလုပ်မလုပ်နိုင်တဲ့အခါ ခန္ဓာကိုယ်ထဲတွင်အညစ်အကြေးများစုပုံလာခြင်း၊ သွေးဖိအားတတ်ခြင်း ၊ခန္ဓာကိုယ်တွင်ကျောက်ကပ်မှမဖယ်ရှားနိုင်သော အရည်များကြောင့် ဖောလာခြင်း၊ လုံလောက်သောသွေးနီဥဆဲလ်များမထုတ်ပေးနိုင်ခြင်းများခံစားလာရနိုင်ပါသည်။
ကျောက်ကပ်ရောဂါကို ကုသနိုင်ပါသလား ? ? ?
-လူနာ၏ ကျောက်ကပ်ရောဂါအခြေအနေသည် အဆင့် (၁) နှင့် အဆင့် (၂) တွင်ရှိနေပါက ဆရာဝန်အနေဖြင့် နောက်ဆက်တွဲဆိုးရွားမသွားအောင် ထိန်းချုပ်နိုင်ပါတယ်။ ကျောက်ကပ်အထူးကုဆရာဝန် (သို့) အထွေထွေရောဂါကုဆရာဝန်နှင့် သေချာဆွေးနွေးတိုင်ပင်ပါ။ ထို့ပြင် လူနာတွင် သွေးချို ဆီးချို၊ သွေးတိုးရောဂါရှိနေပါက ထိုရောဂါများအတွက်ပါ ကုသမှုခံယူသင့်ပါတယ်….
-ကျောက်ကပ်ရောဂါအဆင့် (၃)တွင် ရှိနေပါက ကျောက်ကပ်ရောဂါ၏ နောက်ဆက်တွဲရောဂါတွေကတော့ သွေးအားနည်းရောဂါနဲ့ အရိုး ရောဂါများဖြစ်လေ့ရှိသည်။
-ကျောက်ကပ်ရောဂါအဆင့် (၄)တွင်ရှိနေပါက ကျောက်ကပ်ရောဂါသည် ပြန်ကောင်းဖို့ အခွင့်အလမ်းအလွန်နည်းသွားပြီး အဆင့် (၅) သို့ဆက်လက်ကူးပြောင်းမည့် အနေအထားဖြစ်သည်။ ထိုအခြေအနေတွင် ကျောက်ကပ်အစားထိုးခြင်းကို ပြုလုပ်လိုပါက ပြုလုပ်နိုင်သည်။လိုအပ်ပါက ကျောက်ကပ်ဆေးခြင်းကိုလည်း စီစဉ်ထားသင့်သည်။
-ကျောက်ကပ်ရောဂါအဆင့် (၅)တွင် ကျောက်ကပ်အစားထိုးခြင်း (သို့) ကျောက်ကပ်ဆေးခြင်း (သို့) peritoneal fluid လဲပေးခြင်းဖြင့် သန့်စင်ပေးခြင်း စတဲ့နည်းလမ်းတွေကို စဉ်းစားရပါတယ်။ ကျောက်ကပ်ကအရမ်းပျက်စီးနေတဲ့အခြေအနေဖြစ်တဲ့အတွက် ဒီအဆင့်မှာတော့ quality of life ကောင်းစေဖို့အတွက်ဆို ကျောက်ကပ်အစားထိုးကုသသင့်ပါတယ်။
ကျောက်ကပ်အစားထိုးပြီးနောက် ကျောက်ကပ်က ပုံမှန်အတိုင်းဘယ်လောက်ကြာကြာ လုပ်ဆောင်နိုင်မှာလဲ?
ပျမ်းမျှအားဖြင့် ကျောက်ကပ်အစားထိုးကုသခြင်းဖြင့် 10နှစ်မှ အနှစ် 20လောက်ထိခံပါတယ်။ကမ္ဘာ့စံချိန်အနေဖြင့် အစားထိုးပြီး နှစ် 40အထိ ကျန်းမာလျက်ရှိသောလူနာများလည်းရှိနေပါပြီ။
ကျောက်ကပ်အစားထိုးပြီးနောက် rejection ဆိုတာဘာလဲ?
အခြားတစ်ယောက်ရဲ့ကျောက်ကပ်ကို အစားထိုးတာဖြစ်တဲ့အတွက် ခန္ဓာကိုယ်မှ မိမိခန္ဓာကိုယ်အစိတ်အပိုင်း မဟုတ်သည့်အခါ တိုက်ထုတ်ခြင်းကို Rejection လို့ခေါ်ပါတယ်။ rejection တွေက ကျောက်ကပ်အစားထိုးပြီး ပထမ (၃) လတွင် အဖြစ်များပါတယ်။ ထို့ကြောင့် ကျောက်ကပ်အစားထိုးပြီးနောက် ခန္ဓာကိုယ်မှခုခံအားစနစ်ကို လျော့ချပေးသော Anti-rejection ဆေးများကို သောက်ရပါတယ်။
ကျောက်ကပ် အစားထိုးခြင်း၏ အားသာချက်များ
✜ ကျောက်ကပ်ဆေးရန်အတွက် သီးသန့်အချိန်ပေးရန် မလိုတော့ခြင်း။
✜ အစားအသောက် အာဟာရကန့်သတ်ချက်များ လျော့နည်းသွားခြင်း။ (ဥပမာ။ ။ ကျောက်ကပ်မလဲမီ ရေကို အကန့်အသတ်ဖြင့် သောက်ရ၍ လဲပြီးပါက ပိုမိုသောက်နိုင်ခြင်း)
✜ ရုပ်ပိုင်းဆိုင်ရာ ပိုမိုကျန်းမာလာခြင်း။
✜ အစားထိုးပြီးပါက မိမိကိုယ်ကိုယ်ကို မကျန်းမာသူတစ်ယောက်အဖြစ် မမြင်တော့ခြင်း။
ကျောက်ကပ် အစားထိုးခြင်း၏ အားနည်းချက်များ
✜ မေ့ဆေးဖြင့် အကြီးစား ခွဲစိတ်မှု ပြုလုပ်ရခြင်း။
✜ ခွဲစိတ်ခြင်းကြောင့် အသက်အန္တရာယ် ထိခိုက်နိုင်ခြင်း။ (ဥပမာ ရောဂါပိုး ဝင်ရောက်ခြင်း၊ ခွဲစိတ်စဉ် သွေးထွက်လွန်ခြင်း, Rejection ရနိုင်ခြင်း)
✜ အစားထိုးပြီး ခုခံအားချဆေးများကို အမြဲမပြတ်သောက်ရသဖြင့် အလွယ်တကူ ရောဂါပိုး ဝင်ရောက်နိုင်ခြင်း။
✜ ကျောက်ကပ်ကျန်းမာရေးအတွက် လိုအပ်သော ဆေးစစ်ချက်များ မကြာခဏ ပြုလုပ်ရခြင်း